Dec 16, 2014

အချိန်-ဟင်းလင်းပြင် (သို့ မဟုတ်) ရီလေတီဗတီ သို့ ခြေလှမ်းစတင်ခြင်း - အပိုင်း (၁) ( သော်ဇင်ထွန်း )


Newton ဆိုတဲ့ သိပ္ပံဘုရင် တစ်ပါး ကိုမေးခွန်း ပြန်ထုတ်ရဲ ခဲ့တဲ့ Einstein ဆိုတဲ့ လူငယ်လေး တစ်ယောက် ကြောင့် ကျွန်တော်တို့ လူသားတွေရဲ့ သမိုင်းဟာ တစ်ဆစ်ချိုးပြောင်းလဲခဲ့ရပါတယ် ။ Issue 6 မှာပါခဲ့တဲ့ဆောင်းပါးကို နဲနဲအကျဉ်းချုပ် ၊ အပိုင်းတွေ ခွဲပြီး နေ့ စဉ်တင်ပေးသွားပါ့မယ် ။ Interstellar လဲရန်ကုန်မှာရုံတင်တဲ့အချိန် ၊ ပြီးတော့ ရီလေတီဗတီ သဘောတရား ကို လဲမေးနေကြတယ်ဆိုတော့ ဒီအခန်းဆက် ဆောင်းပါးမှာ ကျွန်တော်နဲ့  ရီလေတီဗတီ အကြောင်းတူတူလေ့လာရအောင်နော် ။

ပကတိ (Absolute) နဲ့  နှိုင်းရ (Relative)
----------------------------------------------

ပကတိ (absolute) ဆိုတာ တစ်ခြားသော အရာတွေအပေါ်မှာ မူတည်ခြင်းမရှိဘဲ သူ့ သတ်မှတ်ချက် တစ်ခု ကို သူ လိုက်နာနေတာကိုပြောတာပါ ။ နှိုင်းရ (Relative) ဆိုတာ က တော့ တစ်ခြားသော အရာတွေပေါ်မှာ မူတည်ပြီး ပြောင်းလဲ တတ်တာ ဆိုလိုတာပါ ။ လွယ်လွယ်ဆိုရင် ပကတိဆိုတာကတော့ ဘယ်တော့မှ မျက်နှာ မများ ၊ တစ်ခြားကောင်မလေးတွေဘယ်လောက်ပဲလှနေပါစေ ဘယ်တွေပဲဖြစ်နေဖြစ်နေ သူ့ ကောင်မလေး တစ်ယောက်ကလွဲရင် တစ်ခြားသူ ကိုစိတ်မ၀င်စားတဲ့ ကောင်လေးပေါ့ ။ နှိုင်းရ ဆိုတာကတော့
သူ့ ရဲ့ အချစ်ကတည်မြဲမနေဘူး ၊ ဟိုကောင်မလေး ချောရင် ဟိုကောင်မလေး နောက် ပါသွားလိုက် ၊ ဒီကောင်မလေး ချောရင်ဒီကောင်မလေးနောက် ပါသွားလိုက်နဲ့  ကောင်မလေး တွေအလှပေါ်မူတည်ပြီး လိုက်ပြောင်းနေတဲ့ကောင်လေး ပေါ့ ။ 

ရွေ့ လျားခြင်း (Motion)
------------------------

ရီလေတီဗတီ သီအိုရီ (Relativity Theory) ကို သေချာစဉ်းစာတော့မယ်ဆိုရင် အခြေခံကနေ ပြန်ပြီး အကုန်လုံးကိုထဲ့သွင်းစဉ်းစားမှရပါမယ် ။ အရာဝတ္ထု တစ်ခုရဲ့ ရွေ့ လျားခြင်း ကို့ စဉ်းစားကြည့်ရအောင် ။ Aristotle ရဲ့ အဆို အရ “အား” ဟူသည်ငြိမ်သက်နေသော အရာဝတ္ထုများကိုစတင် ရွေ့ လျားစေသောအရာတစ်ခုဖြစ်သည် တဲ့။ Galileo နဲ့  Newton တို့ နှစ်ယောက် မတင်ခင်ခေတ်မှာ လူတွေဟာ အရွေ့နဲ့ ပတ်သတ်တဲ့အခါမှာ Aristotle ရဲ့  နိယာမ တွေ အတိုင်းအသုံးပြုကြပါတယ် ။ Aristotle အရဆိုရင် အရာဝတ္ထုနှစ်ခု ဟာ အမြင့်တစ်ခု က နေ ပြုတ်ကျတဲ့အခါ မှာ ဒြပ်ထုပိုကြီးတဲ့အရာ ဟာ ပိုပြီး မြန်မြန်ကျမယ်လို့ ဆိုပါတယ် ။ ဆူးလေမီးသတ်မျှော်စင်ပေါ် ကနေ အုတ်ခဲတစ်လုံးနဲ့  ဂေါ်လီလုံးတစ်လုံး ကို ပစ်ချလိုက်တဲ့အခါမှာ အုတ်ခဲဟာ ဂေါ်လီလုံးထက်အရင် မြေကြီးပေါ်ကျ မယ်လို့ Aristotle က ဆိုပါတယ် ။ Aristotle ရဲ့  ထုံးတမ်းမှာ ညီမျှခြင်းတစ်ခုဟာ ဒီကိစ္စ မှာအဆင်ပြေပီဆိုတာနဲ့  အဲ့ညီမျှခြင်း ကို တခြား ကိစ္စတွေမှာလဲ အသုံးပြုနိုင်တယ်လို့ ယူဆကြပါတယ် ။ အဲ့တော့ Galileo မတိုင်ခင်ထိ လူတွေဟာ အုတ်ခဲနဲ့  ဂေါ်လီလုံး ကိုလဲ ပစ်မချဖူးပါဘူး ။ (မတော်ခေါင်းပေါ်ကျရင် Aristotle လဲကယ်နိုင်တာမဟုတ် ) ။
Galileo ဟာ Aristotle ရဲ့ အဲ့ဒီ နိယာမ မှားကြောင်း ကို Galileo ဟာ Pisa မြို့ က စောင်းနေတဲ့ မျှော်စင်ကြီး (the leaning tower of Pisa) ပေါ်ကနေပြီး တော့ အလေးချိန်မတူတဲ့ ပစ္စည်းနှစ်ခုကို ချပြပီး စမ်းသပ်ခဲ့တယ်လို့ ဆိုပါတယ် ။ အင်းးး ဒါကတော့ချဲ့ ကားတာဖြစ်နိုင်ပါတယ် ။ သူတကယ် အဲ့ မျှော်စင်ပေါ်တက်စမ်းမယ်တော့မထင် ။ မတော် အောက်က လူခေါင်းကွဲရင် လျော်ရမဲ့ အလုပ်မျိုးသူလုပ်မှာ မဟုတ် ။ သူတကကယ်လုပ်ခဲ့တကတော့ ချောမွေ့ နေတဲ့ ကုန်းဆင်း လေးတစ်ခုကနေ သူ ဟာ အလေးချိန်မတူတဲ့ ဘောလုံးနှစ်ခုကို (အချိန်တစ်ခုထဲမှာ) လှိမ့်ချခဲ့ရာ ကနေ ပြီး ဒီဘောလုံးနှစ်ခုဟာ မြေပြင်ပေါ်ကို တစ်ချိန်ထဲကျရောက်တယ်ဆိုတာ ကိုတွေ့ ရှိခဲ့ပါတယ် ။ သူ့ ရဲ့ တိုင်းတာချက်တွေ အရ အရာဝတ္ထုနှစ်ခုလုံးဟာ သူတို့ ရဲ့ အရှိန်တွေ ဟာ နှုန်းတစ်ခုထဲပေါ်မူတည်ပြီးပြောင်းလဲပါတယ် တဲ့ ။ ဒါကို ယူပြီးတော့ ဒေါင်လိုက်ပြုတ်ကျတဲ့ လေထုရဲ့ ခုခံအား ( Air Resistance ) ကိုကျော်လွန်နိုင်တဲ့ ၀တ္ထုနှစ်ခုဟာလဲ သူတို့ ရဲ့  အလေးချိန် ဒြပ်သား တွေအပေါ်ဘာမှမမူတည်ဘဲနဲ့  နေရာတစ်ခုထဲက တစ်ချိန်ထဲ ကျလို့ ရှိရင် မြေပေါ်ကိုတစ်ချိန်ထဲရောက်ပါတယ် ။ ကျောက်ခဲ နဲ့ ငှက်မွေး ကို လေကိုစုပ်ထုပ်ထားတဲ့ ဖန်ပြွန်ချောင်း တွေထဲမှာ စမ်းသပ်ကြည့်တဲ့အခါမှာ တစ်ချိန်ထဲကျပါတယ် ။ 


 ------------------------------------------------------------------------------
<< သော်ဇင်ထွန်း >> (
အပိုင်း ၂ ဆက်တင်မယ်နော် ) 
Curiosity Science Magazine

- Hawking, S. (1996). The illustrated A brief history of time (Updated and expanded ed.). New York: Bantam Books.
- Hawking, S. (2001). The universe in a nutshell. New York: Bantam Books.

No comments: