Dec 17, 2014

အချိန်-ဟင်းလင်းပြင် (သို့မဟုတ်) ရီလေတီဗတီသို့ ခြေလှမ်းစတင်ခြင်း (အပိုင်း-၄) (သော်ဇင်ထွန်း)

အထူးရီလေတီဗတီသီအိုရီ (The Special Theory of Relativity)
---------------------------------------------------------------------------------

အထူး ရီလေတီဗတီ သီအိုရီ ရဲ့  အဓိက အခြေခံအချက်နှစ်ချက်ကတော့

(၁) ရူပဗေဒ ရဲ့ နိယာမတွေ ဟာ ဘယ်အခြေအနေ မှာပဲရောက်နေရောက်နေ တစ်သမတ် ထဲ မပြောင်းမလဲရှိနေရမယ် ၊
(၂) အလင်းရဲ့ အလျှင်ဟာ ဘယ်သူ့ အတွက်မဆို ဘယ်လိုတိုင်းတိုင်း တသတ်မတ် ထဲ ကိန်းသေတစ်ခုအနေနဲ့ ရှိနေရမယ် ။

Newton တင်မက Maxwell ရဲ့  အလင်းဆိုင်ရာ သီအိုရီပါ ထည့်ပြီးစဉ်းစားလိုက်တာပဲဖြစ်ပါတယ် ။ ဒီ သီအိုရီ လေး ဟာ ကြည့်ရင်သာရိုးရှင်းပြီး ဘာမှမဟုတ်ဘူး ထင်ရပေမဲ့ တကယ်က အရမ်းကို နက်နဲ တဲ့ သီအိုရီဖြစ်ပါတယ်။ Einstein ဟာ ဒြပ်ထုတည်မြဲမှု နိယာမ ( Law of Conservation of Mass) နဲ့ စွမ်းအင်တည်မြဲမှု နိယာမ ( Law of Conservation of Energy ) နှစ်ခုကိုလဲပေါင်းစပ်ခဲ့ပါသေးတယ် ။ ဒြပ်ထု ဟာလဲ စွမ်းအင် ကိုပြောင်းလဲနိုင်သလို စွမ်းအင် ဟာ လဲ ဒြပ်ထုအဖြစ်ပြောင်းလဲနိုင်ပါတယ် လို့ ဆိုပါတယ် ။ ဒါဟာ အထူး ရီလေတီဗတီ သီအိုရီ ကို အခြေခံထားတဲ့ သဘောတရားပါ ။ အထူးကျော်ကြားလှတဲ့ E=mc^2 ဆိုတဲ့ ညီမျှခြင်း အရ မည်သည့်အရာကမျှ အလင်းထက်ပိုမြန်မြန်မသွားလာနိုင် ဆိုတဲ့ နိယာမ ၊ အလျှင်ကြောင့် အချိန်ပြောင်းလဲခြင်း တို့ ဟာ အထူးရီလေတီဗဒီ သီအိုရီ ရဲ့ နောက်ဆက်တွဲ တွေ ပဲပေါ့ ။ ဘာလို့  အလင်းထက် မြန်မြန်မသွားနိုင်တာလဲကတော့ ရှင်းပါတယ် ။ E=mc^2 အရ စွမ်းအင် နဲ့  ဒြပ်ထုမှာ တိကျတဲ့ ညီမျှချက်တစ်ခုရှိပါတယ် ။ အရာဝတ္ထုတစ်ခု ဟာ အရှိန်များများနဲ့ သွားလေ သူ့ ရဲ့  ဒြပ်ထု ဟာ ပိုပိုကြီးလာပါတယ် ။ ဒါ ဟာ သာမန်ကျွန်တော်တို့ နေ့ စဉ် သွားလာနေတဲ့ကား ၊ အဆုံးစွန်ဆုံး ဆိုရရင် အသံထက်မြန်တယ်ဆိုတဲ့ ဂျက်လေယဉ်တွေမှာတောင် ဘာမှမသိသာပါဘူး ။ အလင်းအလျင်နား ကပ်လာလေလေ ဒြပ်ထုဟာတိုးလာလေလေဖြစ်ပီး အလင်းရဲ့ အလျှင်နဲ့ ခရီးသွားတဲ့အခါမှာကျတော့ ခင်ဗျား ရဲ့ ဒြပ်ထု ဟာ အနန္တ (Infinity)

ဖြစ်သွားပါပြီ ။ ဒီလိုအနန္တဒြပ်ထုကိုလိုက်ဖို့ ဆိုတာ အနန္တစွမ်းအင် လိုအပ်ပါတယ် ။ (E=mc^2 အရ ) ရူပဗေဒ မှာ အနန္တဆိုတာ အဓိပ္ပာယ်မရှိတဲ့ကိန်းပါ ။ အနန္တစွမ်းအင် ဆိုတာလဲ မရှိတဲ့အတွက် မည်သည့်ဒြပ်ထုတစ်ခုရှိတဲ့ အရာမဆို အလင်းရဲ့ အလျှင် သို့ မဟုတ် အလင်းရဲ့ အလျှင်ထက်ပိုမြန်ပြီးမသွားနိုင်ရခြင်း ဖြစ်ပါသည် ။ အလင်း သို့ မဟုတ် အလင်း ကဲ့သို့ သော ဒြပ်ထုမရှိသော (သို့ မဟုတ်) Intrinsic Mass= 0 ဖြစ်သော ( အလွယ်အားဖြင့် လျစ်လျူရှုလို့ ရလောက်အောင်သေးငယ်သောအမှုန်များလို့ မှတ်လိုက်ပါ ။ ) အရာများမှသာ အလင်းအလျှင် (c) နဲ့  သွားလာနိုင်ပါတယ် ။ တွက်ချက်ပုံကို ပုံမှာပြထားပါတယ် ။

 
 လေးဘက်တိုင်း
------------------

အထူး ရီလေတီဗတီ သီအိုရီ ရဲ့ နောက်တစ်ချက်ဟာ ဟင်းလင်းပြင်နဲ့ အချိန်ကိုပေါင်းစဉ်းနိုင်ခဲ့တာပါ ။ လေးဘက်တိုင်းဆိုတာ အတိုင်းလေးခု ရှိတဲ့ ကျတော်တို့ ရဲ့ အာကာသ ပါ ။ အလျား , အနံ , အမြင့်  အပြင် Einstein ဟာ အချိန်ကို ပါထဲ့သွင်းပြီး လေးဘက်တိုင်းလုပ်ခဲ့ပါတယ် ။


A လမ်း န့ဲ B လမ်း ဆုံ က C tower ရဲ့  လေးလွှာ မှာ ညနေ လေးနာရီ တွေ့ ရအောင် လို့ ကျွန်တော် က ပြောလိုက်တယ်ဆိုပါတော့ ။ A လမ်းဆိုတာက x , B လမ်း ဆိုတာက y , လေးလွှာဆိုတာက z ဖြစ်ပြီး ညနေလေးနာရီ ဆိုတာ က တော့ time လို့ ခေါ်တဲ့ အချိန် ပဲဖြစ်ပါတယ် ။ လေးဘက်တိုင်းမှာ x,y,z သည် တည်နေရာ (Space) ကို ဖော်ပြလို့  တည်နေရာပြ အတိုင်း များ (Spatial Dimensions) လို့ ခေါ်ပြီး time ကတော့ အချိန်ကို ညွှန်းတဲ့ Dimension ဖြစ်လို့  အချိန်ပြအတိုင်း (Time Dimension) လို့ သတ်မှတ်ပါတယ် ။ စုပေါင်းပြီးတော့ Space-time Dimensions, အချိန်-ဟင်းလင်းပြင် ပြအတိုင်းများ လို့ လဲခေါ်ပါတယ် ။

-------------------------------------------------------------------------
~Thaw Zin Htun
  ( Curiosity Science Magazine )
(အပိုင်း ၅ မှာ အထူးရီလေတီဗတီ အရ အချိန်သည်လဲနှိုင်းရဖြစ်ပုံ အကြောင်း ဆက်လက်ဖတ်ရှုနိုင်ပါတယ် ။ )

References :
-Hawking, S. (1996). The illustrated A Brief History of Time (Updated and expanded ed.). New York: Bantam Books.
-Hawking, S. (2001). The universe in a nutshell. New York: Bantam Books

No comments: