Dec 16, 2014

အချိန်-ဟင်းလင်းပြင် (သို့ မဟုတ်) ရီလေတီဗတီ သို့ ခြေလှမ်းစတင်ခြင်း - အပိုင်း (၂) ( သော်ဇင်ထွန်း )

"Previously on the Relativity Theory" - Aristotle အရဆိုရင် အရာဝတ္ထုနှစ်ခု ဟာ အမြင့်တစ်ခု က နေ ပြုတ်ကျတဲ့အခါ မှာ ဒြပ်ထုပိုကြီးတဲ့အရာ ဟာ ပိုပြီး မြန်မြန်ကျမယ်လို့ ဆိုပါတယ် ။ Galileo ဟာ Aristotle ရဲ့ အဲ့ဒီ နိယာမ မှားကြောင်း ကို ချောမွေ့ နေတဲ့ ကုန်းဆင်း လေးတစ်ခုကနေ သူ ဟာ အလေးချိန်မတူတဲ့ ဘောလုံးနှစ်ခုကို (အချိန်တစ်ခုထဲမှာ) လှိမ့်ချခဲ့ရာ ကနေ ပြီး ဒီဘောလုံးနှစ်ခုဟာ မြေပြင်ပေါ်ကို တစ်ချိန်ထဲကျရောက်တယ်ဆိုတာ နဲ့ ပြခဲ့ပါတယ် ။

"NOW" ......

Newton ရဲ့  ရွေ့ လျားခြင်း နိယာမသုံးခု
----------------------------------------------------------
အလေးချိန်မတူတဲ့အရာဝတ္ထုတွေတစ်ချိန်ထဲကျတဲ့အချက် ကို အခြေခံပြီးတော့ Newton ဟာ သူ့ ရဲ့ ရွေ့လျားမှုနိယာမတွေကိုတွက်ထုတ်ခဲ့ပါတယ် ။ ခုနက ချောမွေ့ တဲ့ ကုန်းဆင်းလေး ကို ပြန်ကြည့်ရအောင် ။ သူတို့ နှစ်ခုပေါ် သက်ရောက်နေတဲ့ အား ဟာ သူ တို့ ရဲ့ အလေးချိန်တွေပါပဲ ။ ပြောရမယ်ဆိုရင်တော့ Net Force လို့ ခေါ်တဲ့ ပြင်ပအား သက်ရောက်မှုမရှိဘူးပေါ့ ။ ပြင်ပအားတစ်ခုသာသက်ရောက်လိုက်မယ်ဆို၇င် သူတို့ ရဲ့  ကျနှုန်းတူတာမှာမဟုတ်ဘူး ။ အား သက်ရောက်ခံရတဲ ကောင်က ပိုပြီး မြန်မြန်ရွေ့တော့မှာပေါ့ ။ အဲ့ဒီတော့ ကောက်ချက် ချလို့ ရတာ က “အား” လို့ ခေါ်တဲ့ Force ဆိုတဲ့ အရာ ရဲ့ အဓိက အကျိုးသက်ရောက်မှု ဟာ အရှိန်ကို ပြောင်းလဲစေတာပေါ့ ။ အရင်က Aristotle ယူဆခဲ့သလို စတင် ပြီးရွေ့လျားဖို့ တစ်ခုထဲအတွက်မဟုတ်ဘူးပေါ့ ။ တစ်နည်းအားဖြင့် ရွေ့ လျား နေတဲ့ အရာဝတ္ထုတစ်ခု ဟာ ပြင်ပအားတစ်ခု၏ သက်ရောက်မှုကိုမခံရမခြင်း သူ့ ရဲ့  နဂို အရှိန်နှုန်းဖြင့်သာဆက်လက်သွားလာနေမယ် လို့ ဆိုလိုပါတယ် ။ ဒီအဆို ကို နဲနဲရင်းနှီးသလိုများမဖြစ်မိဘူး လား?? ၁၆၈၇ ခုနှစ်မှာ “Principia Mathematica” လို့ ခေါ်လို့ တဲ့ Sir Isaac Newton ရေးသားခဲ့တဲ့ စာအုပ်မှာ

အဲ့နိယာမ ကိုဖော်ပြခဲ့ပါတယ် ။ Newton ရဲ့ ပထမနိယာမ ( Newton’s First Law of Motion ) လို့ လူသိများပါတယ် ။ အဲ့ဒီလို ရွေ့လျားနေတဲ့ အရာဝတ္ထုကို ပြင်ပ အား သက်ရောက်ခဲ့ရင် ( F=ma ) ဆိုတာကို တော့ Newton ရဲ့  ဒုတိယ နိယာမ (Newton’s Second Law of Motion) လို့ လူသိများပါတယ် ။ ဒီ ဒုတိယ နိယာမ ကို ကိုင်ဆွဲပြီးတော့ ကျွန်တော်တို့ ဟာ ခုနက အလေးချိန်မတူတဲ့ အရာဝတ္ထုနှစ်ခု ဘာလို့  တစ်ချိန်ထဲကျလဲဆိုတာကို တိတိကျကျဖြေရှင်းလို့ ရပါတယ် ။ F=ma အရ (m = ဒြပ်ထု , a = အရှိန်ပြောင်းလဲခြင်း ) ဘာလို့ လဲဆိုတော့ ဒြပ်ဆွဲအားကြောင့်ဖြစ်ပေါ်တဲ့ တူညီတဲ့ အရှိန်ပြောင်းလဲနှုန်း တစ်ခု ( Acceleration due to Gravity, g = 9.81 m/s) နဲ့ အတူ နှစ်ခုလုံးဟာ အတူတကွဆင်းရတာကြောင့်ပါ ။ ပိုကြီးတဲ့ ခန္ဓာကိုယ်ပေါ်မှာ သက်ရောက်တဲ့အားကလဲပိုပီး ကြီးမားပါတယ် ။ သက်ရောက်မှုအား ကို တည်ပြီး ဒြပ်ထု နဲ့ စားတဲ့အခါသူတို့ ရဲ့ ကျဆင်းမှုနှုန်း ဟာ တူတူ ပဲထွက်လာပါတယ် ။

Newton ရဲ့ နောက်ထပ်ကြီးကျယ်တဲ့တွေ့ ရှိချက်တစ်ခုကတော့ ဖြင့် F= G (m1 x m2 /r2 ) ဆိုတဲ့ ညီမျှခြင်းပါ ။ (G = 6.67384 × 10-11 m3 kg-1 s-2 ) အရာဝတ္ထုနှစ်ခုကြားမှာ ရှိသော ဆွဲငင်အားသည် ထိုအရာ ၀တ္ထုနှစ်ခု၏ဒြပ်ထုများ မြှောက်လဒ် နှင့် တိုက်ရိုက် အချိုးကျပြီး သူတို့ ကြားရှိ အကွာအဝေး ၏ နှစ်ထိပ်ကိန်းနှင့်ပြောင်းပြန်အချိုးကျသည် ဟု အဓိပ္ပာယ်ရပါသည်။ ။ ဆိုလိုချင်တာက ထိုဒြပ်ထုနှစ်ခုအနက်မှ တစ်ခုကို နှစ်စ တိုးလိုက်ပါက နဂိုအားထက် နှစ်ဆ ပိုများ သွားမည်ဖြစ်သည်။ သို့ မဟုတ်နှစ်ခုကြားမှ အကွားအဝေး ကို ပြောင်းလဲလိုက်ပါက သက်ရောက်မှုသည်ချက်ခြင်းဖြစ်ပေါ်ရပေမည် ။ (ဒီအချက်နောက်မှာပြန်ပါလာပါဦးမယ် ။)

ပကတိဟင်းလင်းပြင် ပျောက်ဆုံးခြင်း
-------------------------------------------

Newton နဲ့  Aristotle ရဲ့  နိယာမ တွေ မှာ အဓိက ခြားနားတဲ့အချက်ကတော့ ရပ်နေ မှု (rest) အပေါ်မှာ ကွာခြားတဲ့အမြင် ပါပဲ ။ Aristotle ဟာ ကမ္ဘာမြေကြီး ဟာ တည်ငြိမ် နေတဲ့အခြေအနေ တစ်ခု မှာ ရှိတယ်လို့ ဆိုပြီး စဉ်းစားခဲ့ပါတယ် ။ ဒါပေမဲ့ Newton နိယာမ တွေ မှာ တွေ မှာတော့ ရပ်နေမှု ဟာ တရားသေ မဟုတ်တော့ပါဘူး ။ ဥပမာ ကျွန်တော် က ရထားပေါ်မှာ နေမယ်ဆို၇င်ရထား က ရပ်နေပြီး ပြင်ပ က အရာတွေကသာ လှုပ်ရှားသလို ဖြစ်နေတယ် ။ ရထားအောက်ကလူအတွက်တော့ ပြင်ပက ရပ်နေပြီး ရထားက လှုပ်ရှားသလို ဖြစ်နေတယ် ။ ရထား ကို ငြိမ်နေပြီး မြေကြီး က ရွေ့ နေတာလို့ တွက်လဲ တူတူ ပဲ ။ ရထားက ငြိမ်နေပြီ မြေကြီးလှုပ်နေတယ်တွက်လဲတူတူပဲ ။ တွက်ချက်မှုတွေ လုပ်ကြည့်လိုက်ရင် ဘယ်ဟာက လှုပ်ရှားတယ် ပဲ ယူယူ အဖြေက တူတူ ပဲထွက်လာပါတယ် ။ အဲ့ဒီတော့ ပကတိတရားသေယူလို့ ရတယ်ဆိုတာ မရှိတော့ဘူးပေါ့ ။ ( ရထားနဲ့ မြေကြီး ကြားက နှိုင်းရ အလျှင် (relative velocity) ဟာ ပမာဏ တူပြီး ဦးတည်ချက် ကွဲပါတယ် ။)

ဒီ အတွေးအခေါ် ကိုချဲ့ ပြီး ပိုရှင်းအောင်တွေးကြည့်၇အောင်။ ကျွန်တော်က နေပြီး တော့ “မန္တလေးမြို့ ကိုဘယ်လောက်ဝေးလဲ” လို မေးရင် ခင်ဗျား ဘယ်လိုဖြေမလဲ ? တကယ်ဆို အဲ့မေးခွန်းမှာ ဘာအဓိပ္ပာယ်မှမရှိပါဘူး ။ မန္တလေး မြို့ ကိုဘယ်လောက်ဝေးလဲ ဆိုတာ ဘယ်ကနေ တိုင်းလဲဆိုတာအပေါ် မူတည်ပါတယ် ။ မန္တလေးဟာ ရန်ကုန်ကနေ ဘယ်လောက်ဝေး လဲ ? ပဲခူးကနေ ဘယ်လောက်ဝေးလဲ ? တောင်ကြီး ကနေ ဘယ်လောက်ဝေးလဲ ? ဆိုမှသာ ဖြေလို့ ရတဲ့ မေးခွန်းဖြစ်လာပါတယ် ။ မန္တလေးမြို့ ရဲ့  အကွာအဝေး ဆိုတာ ဘယ်ကနေ ကြည့်လဲဆိုတာအပေါ် မူတည်ပါတယ် ။ သူမှာ ပကတိ အကွာအဝေး (Absolute Distance) ရယ်လို့ မရှိပါဘူး ။ နှိုင်းရ အကွာအဝေး (Relative Distance) ပဲရှိပါတယ်။


 အကွာအဝေး ဆို တာ တစ်နေရာ က နေ တစ်နေရာ ကို ရည်ညွှန်းတဲ့ နှိုင်းရတစ်ခုပါပဲ ။ ထို့ အတုပဲ Cartesian Co-ordinate မှာ လဲ Origin (0,0,0) ဟာ ကိုယ်ကြိုက်တဲ့နေရာမှာချနိုင်ပါတယ် ။ ပကတိ ယူလို့ ရတဲ့နေရာ ဆိုတာမရှိပါဘူး ။ တစ်နည်းအားဖြင့်ဆို၇င် Newton ရဲ့ အယူအဆ တွေ ဟာ ပကတိ ဟင်းလင်းပြင် (absolute space) ရဲ့  အယူအဆ ကို တွန်းလှန်လိုက်တဲ့သဘောပါပဲ ။

Newton ကော Aristotle ကော ရဲ့ တူညီတဲ့ ယူဆချက်ကတော့ သူတို့ နှစ်ယောက်စလုံးဟာ အချိန်ကို ပကတိဖြစ်တယ်လို့ ယူဆတာပါပဲ ။ အခြေအနေတစ်ခု ရဲ့  ကြာချိန်တစ်ခု ဟာ ဘယ်တော့မှမပြောင်းလဲနိုင်ဘူး ။ ဘယ်လို ပဲတိုင်းတိုင်း ဒီအချိန်တစ်ခု ဟာ တရားသေဖြစ်နေရမဲ့ဆိုတဲ့သဘောပါပဲ ။ အချိန် (time) ဟာ ဟင်းလင်းပြင် (space) အပေါ်မှာမူတည်မှုလုံးဝ မရှိတဲ့အရာတစ်ခုပေါ့။ အချိန်သည်ပြောင်းလဲခြင်းမရှိ ။ တစ်သမတ် သဘောကိုဆောင်သည်ပေါ့ ။ ဒါပေမဲ့ ဒီဟာကကော အမြဲမှန်နေပီတဲ့လား?

-------------------------------------------------------------------------------------
<< သော်ဇင်ထွန် >>
Curiosity Science Magazine

( အလင်းရဲ့ အလျှင်နဲ့  Aether အကြောင်းကို အပိုင်း ၃ မှာလာပါမယ် )

References :
-Hawking, S. (1996). The illustrated A brief history of time (Updated and expanded ed.). New York: Bantam Books.
-Hawking, S. (2001). The universe in a nutshell. New York: Bantam Books

No comments: