Dec 17, 2014

အချိန်-ဟင်းလင်းပြင် (သို့ မဟုတ်) ရီလေတီဗတီ သို့ ခြေလှမ်းစတင်ခြင်း - အပိုင်း (၃) ( သော်ဇင်ထွန်း )

Previously on the Theory of Relativity : အလေးချိန်မတူတဲ့အရာနှစ်ခု အမြင့်တစ်ခုကနေ ပြုတ်ကျတဲ့အခါမှာ မြေပြင်ပေါ်တစ်ချိန်ထဲရောက်တယ်ဆိုတာ ကို Galileo က သက်သေပြခဲ့ပါတယ် ။Newton က သင်္ချာနည်းအရရှင်းပြခဲ့ပါတယ်။ ဒီအဆိုကိုအခြေခံပြီး သူ က ရွေ့ လျားမှုဆိုင်ရာ နိယာမ ၃ ခုကိုထုတ်ခဲ့ပါတယ် ။ ဒီနိယာမတွေကိုချဲ့ စဉ်းစားတဲ့အခါ ပကတိ ဟင်းလင်းပြင် (absolute space) ဆိုတဲ့အယူအဆ ကို လူတွေက ပယ်ခဲ့ပါတယ် ။ 

Now...


အလင်းရဲ့ အလျှင်
--------------------

ကျွန်တော်တို့ လူသားတွေဟာ Newton ပြီးတော့ နောက်နှစ်များစွာမှာ ဒီ ရွေ့လျားမှုဆိုင်ရာ နိယာမ သုံးခု ( Newton’s three laws of motion) ကို စိတ်ချစွာ အခြေအနေတိုင်းမှာ အသုံးချနေခဲ့ပါတယ် ။ ကျွန်တော်တို့ ရဲ့ အသုံးချမှုတွေဟာ ကားမောင်းတာမျိုး ၊ သာမန် ပစ္စည်းတွေ ရွေ့ လျားသွားလာတာမျိုး တွေ လောက်မှာတော့ မှန်ကန်နေပေမဲ့ အရာဝတ္ထုတွေဟာ အလင်းရဲ့ အလျှင်နဲ့ သွားတာကို လေ့လာတဲ့အခါမှာတော့ ကမောက်ကမ တွေ ဖြစ်လာပါတော့တယ် ။
တကယ်တမ်းအလင်းရဲ့ အလျှင်ဟာ အနန္တကိန်းတစ်ခုမဟုတ်ဘူး (တိကျတဲ့အလျှင်တစ်ခုရှိရမယ်) ဆိုတဲ့ အယူကို ကိုင်ပြီးတွက်ချက်ခဲ့သူဟာ Ole Christensen Roemer ဆိုတဲ့ နက္ခတ္တဗေဒ ပညာရှင်တစ်ဦးပါ ။ ဂျူပီတာဂြိုဟ် ရဲ့ လ ဟာ ဂျူပီတာ ဂြိုဟ် ကိုပတ်တာကိုကြည့်ပြီး သူတွက်ချက်ခဲ့တာပါ ။ (တွက်ချက်ပုံအသေးစိတ်ကို မဖော်ပြတော့ပါ ။ ) အလင်းရဲ့ အလျင်ဟာ တစ်စက္ကန့် မှာ မိုင်ပေါင်း ၁၄၀၀၀၀ သွားနိုင်တယ်လို့ တွက်ချက်ခဲ့ပါတယ် ။ Roemer ရဲ့ တွက်ချက်မှုက အဖြေဟာ အတိအကျကြီးတော့ မဟုတ်သေးပေမဲ့ တော်တော်ကို ကောင်းတယ်လို့ ပြောလို့ ရပါတယ် ။ Newton မတိုင်ခင်ဆယ်နှစ်လောက်ကတွက်ခဲ့တာပါ ။ ဒါပေမဲ့ Newton ရဲ့ ပကတိဟင်းလင်းပြင်အယူအဆ ကို ပယ်ဖျောက်ခဲ့တဲ့ တဲ့ နိယာမတွေ နောက်ပိုင်းမှာတော့ ဒီအလင်းအလျှင် ဟာ တိကျတဲ့ နှုန်းတစ်ခုရှိရမယ်လို့ လူတွေဟာ မယုံကြည်တော့ပါဘူး ။

နောက်ထပ်အလင်းနဲ့ ပတ်သတ်တဲ့ တိကျတဲ့ သီအိုရီတွေ ကို James Clerk Maxwell ဟာ ၁၈၆၅ ခုနှစ်မှာ ထုတ်ခဲ့ပါတယ် ။ Maxwell ရဲ့ နိယာမ တွေအရ ဆိုရင် အလင်းဟာ တိကျသေချာတဲ့ နှုန်းတစ်ခုနဲ့ သွားရပါမယ် ။ တစ်နည်းအားဖြင့် အလင်းအလျှင်ဟာ ကိန်းသေတစ်ခု ဖြစ်နေရမယ် ။ ဒါပေမဲ့ ဒီမှာ ငြင်းစရာတွေဖြစ်လာပါပြီ ။ Newton ရဲ့ နိယာမတွေ အရဆိုရင် ကျွန်တော်တို့ ဟာ ပကတိဟင်းလင်းပြင် ရဲ့ အယူအဆ ကို ပယ်ထုတ်လိုက်ပြီးပြီ ။ ပကတိဟင်းလင်းပြင် မရှိတဲ့ အချိန်မှာ တိကျသေချာတဲ့ အရှိန် တစ်ခုကို ရဖို့ ဆိုတာ အဓိပ္ပာယ်မရှိတော့ဘူးလေ ။ အရှိန်ဆိုတာ အတိုင်း အတာ (Displacement) ကိုတည်ပြီး အချိန် (Time) (အချိန်ကို ပကတိတန်ဖိုးရှိတယ်လို့ ယူဆထား) နဲ့ စားထားတာပါ ။ ပကတိအတိုင်းအတာလို့ မှမရှိတဲ့အခါမှာတော့ တိကျတဲ့ အရှိန် (သို့ ) ကိန်းသေ အရှိန် တစ်ခု ဆိုတာလဲ

တစ်ခုခုကိုမူတည်ပြီး နှိုင်းရသဘောနဲ့ ယူမှဖြစ်တော့မှာပေါ့ ။

အဲ့ဒီမှာ သိပ္ပံပညာရှင်တွေဟာ Maxwell နဲ့  Newton နှစ်ယောက်ကို ညှိဖို့ အတွက် Ether (luminiferous aether) လို့ ခေါ်တဲ့ ပစ္စည်းတစ်ခု ရှိတယ်လို့ ယုံကြည်လိုက်ပါတယ် ။ ကျွန်တော်တို့  ရဲ့  စကြာဝဠာကြီးဟာ Ether ဆိုတဲ့အရာတွေနဲ့ ပြည့်နှက်နေတယ် ။ Ether ဆိုတဲ့ အရာဟာနေရာတိုင်းမှာရှိတယ် ။ ဘာမှမရှိတဲ့ ဟင်းလင်းပြင် ထဲမှာတောင်မှ ether ကတော့ရှိနေတယ် ။ အသံဟာ လေ ကို ကြားခံနယ်အဖြစ်အသုံးပြုပြီးတော့ သွားသလို အလင်းဟာလဲ ether ကိုကြားခံနယ်အဖြစ်သွားတယ်လို့  ယူဆကြပါတယ် ။ အဲ့ဒီတော့ ether ကိုမူတည်ပြီး အလင်းရဲ့ အလျင်ကို နှိုင်းရ သဘောယူ ရမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ကြပါတော့တယ် ။ နှစ်ဦးနှစ်ဖက် နားလည်မှုယူလိုက်တဲ့သဘောပဲပေါ့ ။ ether ရဲ့ ရွေ့လျားမှု နဲ့  ခင်ဗျားရဲ့ ရွေ့လျားမှု (လူတစ်ယောက်ဟာ ဘယ်တော့မှရပ်မနေနိုင်ပါဘူး ၊ ကမ္ဘာနဲ့ အတူတူ စကြာဝဠာကြီးထဲမှာ တစ်နာရီကိုမိုင်ပေါင်းတစ်ထောင် ခန့် နဲ့ ခရီးသွားနေရပါတယ် ။) တွေပေါ်မူတည်ပြီး ခင်ဗျားနဲ့ ကျွန်တော် ရဲ့  အလင်းကိုတိုင်းတာမှုလိုက်ရင် အလင်းရဲ့ အလျှင် တွေဟာကွာလိမ့်မယ် ။ ဒါပေမဲ့ အလင်း က နေပြီးတော့ ether ပေါ်မူတည်ပြီ့း သွားနေတဲ့အလျှင် ကတော့ တသမှတ်ထဲဖြစ်နေပါလိမ့်မယ် ။

 
ဥပမာပေးရရင် ether နေရာမှာ ခင်ဗျားရဲ့ မိခင်ကို အစားထိုးကြည့်ပါ ။ အလင်းနေရာမှာ ခင်ဗျားကို အစားထိုးကြည့်ပါ ။ ခင်ဗျားအပေါ်ထားတဲ့ခင်ဗျားမိခင်ရဲ့ သဘောထား မေတ္တာဟာဘယ်တော့မှမပြောင်းလဲနိုင်ပါဘူး ။ တသမှတ်ထဲအမြဲချစ်နေမှာပါ ။ ဒါပေမဲ့ ခင်ဗျားအပေါ် ခင်ဗျားသူငယ်ချင်း မောင်မောင် ထားတဲ့ သဘောတရားနဲ့  အောင်အောင် ထားတဲ့ သဘောတရားတွေဟာ ခင်ဗျားနဲ့ မောင်မောင်တို့  အောင်အောင်တို့ ပေါ်မှာသာ သက်ဆိုင်တဲ့ သဘောတရား ပါ ။ ဒီသဘောတရား ကို ပိုပြီး တိတိကျကျပြောမယ်ဆိုရင် ကျွန်တော် တို့ ကမ္ဘာမြေကြီးသည်ပင်လျှင် ether ထဲမှာ လည်ပတ်နေရပါတယ် ။ ဒီ ether အယူအဆ တိုင်း သာဆိုရင် အလင်းအလျှင် ကို ကမ္ဘာ့သွားရာလမ်းကြောင်း အတိုင်း တိုင်းတာရင် ပိုများပြီး ကမ္ဘာ့သွားရာလမ်းကြောင်း ရဲ့ ထောင့်မှန်အနေအထား က တိုင်းမယ်ဆိုရင် ပိုနည်းရပါလိမ့်မယ် … ။ အဲ့ဒီအတိုင်း ကို ၁၈၈၇ ခုနှစ်မှာ Albert Michelson နဲ့ Edward Moley တို့ နှစ်ယောက် ဟာ အဲ့ဒီအတိုင်းကို အလင်း ရဲ့ အလျှင်ကိုတိုင်းတာခဲ့ပါတယ် ။ Michelson-Morley Experiment ဆိုပြီး လူသိများပါတယ် ။ စမ်းသပ်ချက် က ရလာတဲ့အဖြေကတော့ အကုန်အံ့သြသွားစေခဲ့ပါတော့တယ် ။ ဘာလို့ ဆို သူတို့ ဟာ ကမ္ဘာ့သွားရာလမ်းကြောင်း အတိုင်း ပဲ တိုင်းတိုင်း ၊ ကမ္ဘာ့သွားရာလမ်းကြောင်း ရဲ့ ထောင့်မှန်အနေအထားပဲ တိုင်းတိုင်း ၊ အလင်းအလျှင်ဟာအတူတူပဲဖြစ်နေလို့ ပါပဲ ။ ၁၉၀၅ ခုနှစ်မတိုင်ခင် အထိ ဒီ စမ်းသပ်ချက်အကြောင်းကို အမျိုးမျိုးအဖြေထုတ်ကြပါတယ် ။ ဒါပေမဲ့ တစ်ခုမှက ကျေနပ်ဖွယ်ကောင်းလောက်အောင်မဖြစ်ခဲ့ပါဘူး
၁၉၀၅ ခုနှစ်မှာ တော့ ဆွစ်ဇာလန် နိုင်ငံရဲ့  မူပိုင်ခွင့်ရုံး က သာမန် စာရေးကလေးတစ်ယောက်ကနေပြီး တော့ ether ဆိုတဲ့အရာ မရှိဘူး လို့ ပြတ်ပြတ်သားသားပြောခဲ့ပါတယ် ။ တကယ်လို့ များ ကျွန်တော်တို့ ဟာ Newton ယုံကြည်အားထားခဲ့တဲ့ ပကတိ အချိန်ဆိုတဲ့အရာကိုများ စွန့် လွှတ် ခဲ့မယ်ဆိုရင် ဒီ ether ဆိုတဲ့ အယူအဆကြီးတစ်ခုလုံး ကို ပယ် လိုက်လို့ ရတဲ့အပြင် ပိုပြီး တိကျတဲ့ သဘောတရား ကို ရနိုင်တယ်ဆိုပြီး ဆိုလာပါတယ် ။ ဒီ လို ပြောတဲ့ ကိစ္စ တစ်ခု ဟာ ဘယ်လောက်တောင်မှ ဖိအားတွေ များမယ်လို့ ခင်ဗျားထင်ပါသလဲ ? Newton လိုလူ ရဲ့ အယူအဆ ကို ဗြောင်းဗြန်လှန်ဖို့ ဆိုတာ တော်ရုံလူ လုပ်နိုင်တာမဟုတ်ပါဘူး ။ Newton ဆိုတာ သိပ္ပံနယ်ပယ် မှာ ဘုရင်တစ်ပါး ပါပဲ ။ သူ့ ရဲ့ ပကတိအချိန်အယူအဆ ကို တွန်းလှန်ပြစ် ခဲ့တဲ့ မူပိုင်ခွင့်ရုံးက သာမန် စာရေး လေး ကတော့ နောက်အခါမှာ ၂၀ ရာစု ရဲ့ အကြီးကျယ်ဆုံး ပုဂ္ဂိုလ် တစ်ဦးဖြစ်လာမဲ့ Albert Einstein (၁၈၇၉-၁၉၅၅) ပါ ပဲ ။

--------------------------------------------------------------------------------------
<< Thaw Zin Htun >>
Curiosity Science Magazine



(အပိုင်း ၄ မှာ အထူးရီလေတီဗတီသီအိုရီအကြောင်းစပါ ပါ့မယ် ) 

 References :
-Hawking, S. (1996). The illustrated A Brief History of Time (Updated and expanded ed.). New York: Bantam Books.
-Hawking, S. (2001). The universe in a nutshell. New York: Bantam Books

No comments: