Apr 30, 2015

Origin of the Universe ( သာထက်အောင် ) (၂)

Origin of the Universe
Curiosity Science Magazine's photo.
စကြ၀ဠာဟာ သိပ်သည်းမှုအနန္တရှိဖူးခဲ့တယ်ဆိုတဲ့ အယူအဆဟာ ၁၉၆၅ အောက်တိုဘာလ မှာ လေ့လာတွေ့ရှိမှုတွေကတစ်ဆင့် စတင်လာပါတယ်။ စတီဖင်ဟော့ကင်း ရဲ့ နောက်ခံမိုက်ခရိုဝေ့ဖ် များအား တွေ့ရှိမှုနဲ့ အတူတူစတင်ခဲ့တာပါ။ ဒီ မိုက်ခရိုဝေ့ဖ်တွေဟာ သင့်မီးဖိုချောင်ထဲက မိုက်ခရိုဝေ့ဖ်စက်ထဲမှာရှိတဲ့ လှိုင်းတွေနဲ့ ဆင်တူပါပဲ။ အနည်းငယ်သာ အင်အားလျော့နည်းပါတယ်။ သင့်ခေါက်ဆွဲကို ၂၇၁.၃ ဒီဂရီစင်တီဂရိတ်မှာ ပြုတ်ပေးနိုင်ပါတယ်။ ဒီမိုက်ခရိုဝေ့ဖ် တွေကို သင်ကိုယ်တိုင်တွေ့မြင်နိုင်ပါတယ်။ သင့်အိမ်က တီဗီကို လိုင်းအလွတ်တစ်ခုမှာ ထားပြီးဖွင့်ထားပါ။(ချန်နယ်လ် အလွတ်ကိုပြောတာပါ။) ခဏကြာတဲ့အခါ တီဗီဖန်သားပြင်ပေါ်မှာ သင်တွေ့ရမယ့် အဖြူရောင်အစက်ကလေးတွေဟာ အဲ့ဒီနောက်ခံ မိုက်ခရိုဝေ့ဖ်လေးတွေကြောင့်ဖြစ်ပေါ်လာတာပါ။ ဒီလှိုင်းတွေကို နောက်ခံမိုက်ခရိုဝေ့ဖ်(Background of microwaves) လို့ခေါ်ရတာဟာ သူတို့ဟာ အလွန်ပူပြင်းပြီး သိပ်သည်းလွန်းလို့ဖြစ်ပါလိမ့်မယ်။ စကြ၀ဠာပြန့်ကားလာတာနဲ့အမျှ ဒီနောက်ခံမိုက်ခရိုဝေ့ဖ်တွေဟာလည်း တစ်ဖြည်းဖြည်း အေးလာကာ နောက်ဆုံး ပျောက်ကွယ်သွားပါလိမ့်မယ်။ ယနေ့အချိန်အထိတော့ စကြ၀ဠာစတင်ဖြစ်ပေါ်စဉ် မဟာပေါက်ကွဲမှုဖြစ်ရပ်ရဲ့ လက်ကျန်မိုက်ခရိုဝေ့ဖ် တွေဟာ သိသာစွာရှိနေဆဲပဲဖြစ်ပါတယ်။စတီဖင်ဟော့ကင်း နဲ့ ပန်ရို့စ်တို့ရဲ့ Singularity သီအိုရီများဟာ စကြ၀ဠာဟာ အစရှိခဲ့တယ်ဆိုတာကို ဦးဆောင်သွားပေမယ့် ဘယ်လိုအစပြုခဲ့သလဲဆိုတာကိုတော့ မပြောနိုင်သေးပါဘူး။ (ယနေ့သိပ္ပံပညာရှင်များဟာ စကြ၀ဠာကိုစတင်ဖြစ်စေခဲ့တဲ့ မဟာပေါက်ကွဲမှုဖြစ်ရပ်ပြီး ၁၀-၄၃ စက္ကန့်(ဒသမနောက်မှ သုည ၄၃ လုံး) နောက်ပိုင်းက ဖြစ်ရပ်တွေကို
တွက်ချက်နိုင်နေပါပြီ။ အဲ့ဒီအချိန်မတိုင်ခင် ဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေကို လုံးဝမသိသေးပါဘူး။ ဒီ ၁၀-၄၃ ဆိုတဲ့အချိန်လေးကို ပလန့်က်အချိန် Planck’s Time လို့ခေါ်ပါတယ်။) အိုင်းစတိုင်းရဲ့ ယေဘုယျနှိုင်းရသီအိုရီ ဟာ ဒီအချိန်လေးရဲ့ ဟိုဘက်ရောက်သွားရင် အသုံးမ၀င်တော့ပါဘူး။ ပြိုပျက်သွားပါတယ်။ ဒါ့ကြောင့် အိုင်းစတိုင်းရော စတီဖင်ဟော့ကင်းရောက စကြ၀ဠာဘယ်လိုအစပြုခဲ့တယ်ဆိုတာကို မပြောနိုင်ပဲ သူအစပျိုးပြီးနောက် ဘယ်လို ပြောင်းလဲဖြစ်တည်ခဲ့တယ်ဆိုတဲ့ အချက်ကိုသာပြောနိုင်ပါတယ်။ စတီဖင်ဟော့ကင်း နဲ့ ပန်ရို့စ်တို့ရဲ့ Singularity သီအိုရီများကို ဖြေရှင်းဖို့ သင်ဟာ နည်းလမ်း နှစ်လမ်းနဲ့ တွေးနိုင်ပါတယ်။ တစ်ခုကတော့ ကျွန်တော်တို့ ဘယ်တော့မှ နားလည်နိုင်မှာမဟုတ်တဲ့နည်းလမ်းတွေနဲ့ ဘုရားသခင်ဟာ စကြ၀ဠာကြီးကို ဖန်ဆင်းခဲ့တယ်ဆိုတာဖြစ်ပါတယ်။ ဒါဟော ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါလ် က တွေးတောခဲ့တဲ့နည်းလမ်းပါ။ ဗာတီကန်စီးတီး မှာပြုလုပ်ခဲ့တဲ့ ခရစ်ယာန်သာသနာရှုထောင့်ရဲ့ စကြ၀ဠာဆိုင်ရာအစည်းအဝေးမှာ ပုပ်ရဟန်းမင်းကြီးကပြောခဲ့တာပါ။ ဘာပြောခဲ့လဲဆိုတော့ စကြ၀ဠာအစပျိုးပြီးနောက် ဖြစ်ရပ်တွေကို လေ့လာတာဟာ လက်သင့်ခံလို့ရပေမယ့် ဘယ်လိုအစပြုခဲ့သလဲဆိုတာကိုတော့ လေ့လာဖို့မသင့်ဘူးလို့ပြောပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဖန်ဆင်းခြင်းဟာ ဘုရားသခင်ရဲ့ ခမ်းနားတဲ့အလုပ်ဖြစ်တဲ့အတွက် ကျွန်တော်တို့လူသားတွေ ဘယ်တော့မှသိနိုင်မှာမဟုတ်ပါဘူးတဲ့။ ပုပ်ရဟန်းမင်းကြီးကို လေးစားသမှုရှိပေမယ့် ဒီအချက်ဟာ ကျွန်တော်နဲ့ သဘောထားချင်းမတိုက်ဆိုင်ဘူးလို့ ပြောပါရစေ။ သိပ္ပံပညာရှင်အားလုံးလိုလိုကလည်း ဒီပြောကြားချက်ကို ဥပေက္ခာပြုပြီးတော့ ဆက်လက်လေ့လာနေကြဆဲပါ။
Singularity သီအိုရီကိုဖြေရှင်းနိုင်မယ့် နောက်နည်းလမ်းတစ်ခုကတော့ သိပ္ပံပညာရှင်အားလုံးလိုလို သဘောကျပါတယ်။ ဘာလဲဆိုတော့ အိုင်းစတိုင်းရဲ့ ယေဘုယျနှိုင်းရ သီအိုရီဟာ တစ်ချိန်တစ်ခါက ဆွဲငင်အားစက်ကွင်းတွေ အလွန်အားကောင်းခဲ့တဲ့အချိန်မှာ အသုံးမ၀င်ခဲ့ဘူး၊ ဒီ နှိုင်းရသီအိုရီ ထက်ပိုပြီး ပြီးပြည့်စုံတဲ့ သီအိုရီတစ်ခုကို လိုအပ်နေတယ်ဆိုတာပါပဲ။ အိုင်းစတိုင်းရဲ့ နှိုင်းရသီအိုရီဟာ ကြီးမားတဲ့အရာဝတ္ထုတွေမှာ အသုံးဝင်တယ်။ အက်တမ်ထက်သေးငယ်တဲ့ အရာတွေအတွက်ကျတော့ မမှန်တော့ပါဘူး။ ဒီလိုပဲ ကွမ်တမ်သီအိုရီ ဟာလည်း အက်တမ်အောက် အလွန်သေးငယ်တဲ့ အရာတွေမှာ အသုံးကျပေမယ့်လည်း ကြီးမားတဲ့အရာတွေမှာ အသုံးမ၀င်ပြန်ပါဘူး။ ဒီသီအိုရီနှစ်ခုကို ပေါင်းစည်းပေးနိုင်မယ့် ရဲရင့်တဲ့သိပ္ပံပညာရှင်တစ်ဦး၊ နိုဘယ်ဆုရှင်လောင်းတစ်ဦးကို ကမ္ဘာ့သိပ္ပံအသိုင်းအ၀ိုင်းက စောင့်မျှော်နေတာပဲဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတဲ့ အဆိုပါ သီအိုရီဟာ စကြ၀ဠာကြီးဘယ်လိုစတင်ခဲ့တယ်ဆိုတာကို ရှင်းပြနိုင်မှာဖြစ်လို့ပါပဲ။ စကြ၀ဠာဟာ ၁၀-၃၅ မီတာအရွယ်အစားသာရှိခဲ့တဲ့အချိန်မှာ ဒီသီအိုရီ နှစ်ခုဟာ ပေါင်းစည်းနိုင်နေပါတယ်။ ဒီအခြေအနေတစ်ခုတည်းမှာပါပဲ။ ဒီအရွယ်အစားကို Planck’s Length လို့ခေါ်ပါတယ်။ (စကြ၀ဠာဟာ Planck’s Time အချိန်မှာ Planck’s Length အရွယ်အစားရှိခဲ့တယ်ပေါ့။)
အခုဆိုရင် သင်ဟာ စကြ၀ဠာဟာ အစရှိခဲ့တယ်ဆိုတာကို သိနေပါပြီ။။ ဘယ်လိုစခဲ့လဲဆိုတာတော့ မသိသေးဘူး။ အဲ့ဒီလိုပဲ ဘယ်လိုအဆုံးသတ်မလဲဆိုတာကော သိပြီလား။ မသိသေးပါဘူး။ ဒါဟာလဲ သိပ္ပံပညာရှင်တွေ အငြင်ပွားနေတဲ့ ပဟေဋိတစ်ခုဖြစ်ပါတယ်။ ဒီအချက်များကို သီအိုရီများအရတော့ ခန့်မှန်းနိုင်ပါတယ်။ စကြ၀ဠာကြီးရဲ့ တကယ်အရှိသိပ်သည်းခြင်း နဲ့ သီအိုရီများက တွက်ချက်ရရှိတဲ့ သိပ်သည်းခြင်းအချိုးကို အိုမီဂါ(Ω) လို့ ဖော်ပြနိုင်ပါတယ်။ (Ω) ဟာ စကြ၀ဠာတွင်းမှာ အရေးအပါဆုံး ကိန်းသေဖြစ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ သူဟာ စကြ၀ဠာကြီးရဲ့ ကြမ္မာကို ဆုံးဖြတ်ပေးလို့ပါ။
- တကယ်လို့ (Ω) ဟာ တစ် နဲ့ အတိအကျညီနေခဲ့မယ်ဆိုရင်(တစ်နည်းအားဖြင့် တကယ့်အရှိ သိပ်သည်းခြင်းနဲ့ သီအိုရီကတွက်ချက်လို့ရတဲ့ သိပ်သည်းခြင်းတို့ အတိအကျတူနေခဲ့လျှင်) စကြ၀ဠာကြီးဟာ အချိန်အကန့်အသတ်မရှိ တစ်သမတ်နှုန်းနဲ့ ဆက်လက်ပြန့်ကားနေမှာဖြစ်ပါတယ်။
- အကယ်၍ (Ω) ဟာ တစ်အောက် အနည်းငယ်မျှသာ လျော့နည်းနေမယ်ဆိုရင် (Ω<1) စကြ၀ဠာဟာ အချိန်အကန့်အသတ်မရှိ အစဉ်တိုးနေတဲ့ အရှိန်နဲ့ ပြန့်ကားမှာဖြစ်တယ်။ ဒီလိုဆိုရင် အရမ်းဝေးလှတဲ့အနာဂတ်မှာ စကြ၀ဠာကြီးဟာ ဗလာစကြ၀ဠာကြီးဖြစ်သွားပါလိမ့်မယ်။ ဒါကို အပွင့်စကြာဝဠာ Open Universe scenario လို့ခေါ်ပါတယ်။ ဒီလိုဆိုရင် ကြယ်တွေတစ်ခုနဲ့တစ်ခုကြားအလွန်ဝေးလံသွားတာကြောင့် အရမ်းဝေးလှတဲ့အနာဂတ်မှာ စကြ၀ဠာကြီးဟာ အေးခဲပြီး အဆုံးသတ်သွားနိုင်ပါတယ်။
- တကယ်လို့ (Ω) ဟာ တစ်ထက် အနည်းငယ် ပိုကြီးနေခဲ့ရင်(Ω>1) ပြန့်ကားနေတဲ့ စကြ၀ဠာကြီးဟာ နောက်ဆုံးမှာ ပြန့်ကားနှုန်းတစ်ဖြည်းဖြည်းလျော့နည်းလာကာ နှေးကွေးသွားမယ်၊ ပြီးရင် ရပ်သွားမယ်။ ပြီးရင် အထဲကိုပြန်ကျုံ့ဝင်ပြီး မဟာဖိသပ်ညှပ်သိပ်မှုကြီး (Big Crunch) ဖြစ်သွားမှာပါ။ ပြီးတော့ မဟာပေါက်ကွဲမှုပြန်ဖြစ်ပြီး စကြ၀ဠာပြန်လည်စတင်လာမှာပါ။ အခုတင်ပြသွားတာတွေဟာ အနုမာန (Hypothesis) တွေဖြစ်ပြီး လက်တွေ့စမ်းသပ်မှုတွေက ရရှိလာတဲ့ တွေ့ရှိချက်တွေမဟုတ်သေးပါဘူး။
ကျွန်တော်တို့ဟာ ပြီးခဲ့တဲ့ ရာစုနှစ်အနည်းငယ်အတွင်းမှာ စကြ၀ဠာလေ့လာရေးဆိုင်ရာ ပညာရပ်မှာ တဟုန်ထိုးတိုးတက်လာခဲ့ပါတယ်။ အိုင်းစတိုင်းရဲ့ ယေဘုယျနှိုင်းရ သီအိုရီ နဲ့ ပြန့်ကားနေတဲ့စကြ၀ဠာအယူအဆ တို့ဟာ ထာဝရတည်ရှိနေတယ်ဆိုတဲ့ ရှေးဟောင်းစကြ၀ဠာအယူအဆကို ဆုတ်ဖြဲလိုက်ပါတယ်။ နှိုင်းရသီအိုရီ ကပြောတာကတော့ စကြ၀ဠာအပါအ၀င် အချိန် ဟာ အစရှိခဲ့ပါတယ်။ အဲ့ဒီအစကို မဟာပေါက်ကွဲမှု (Big Bang) လို့ ကျွန်တော်တို့သိထားပါတယ်။ ပြီးတော့ အချိန်ဟာ တွင်းနက်များနဲ့ အဆုံးသတ်သွားမှာဖြစ်ပါတယ်။ ဒီသုံးသပ်ချက်ကို စကြ၀ဠာနောက်ခံမိုက်ခရိုဝေ့ဖ်များ နဲ့ တွင်းနက်များကို တွေ့ရှိမှုများက ထောက်ခံလာပါတယ်။ ဒါဟာ စကြ၀ဠာလေ့လာမှုသမိုင်းမှာ အောင်ပွဲခံခဲ့တဲ့ တွေ့ရှိမှုကြီးပဲဖြစ်ပါတယ်။ ယေဘုယျနှိုင်းရသီအိုရီဟာ စကြ၀ဠာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃.၈ ဘီလီယံ ခန့်က မဟာပေါက်ကွဲမှုနဲ့စတင်ခဲ့တယ်ဆိုတာကို ပြောပြနိုင်ပေမယ့် စကြ၀ဠာကိုယ်၌က အဲ့ဒီမဟာပေါက်ကွဲမှုကနေ ဘယ်လိုစဖြစ်ခဲ့လဲဆိုတာကိုတော့ မပြောနိုင်ပါဘူး။ ဒါ့ကြောင့် နှိုင်းရသီအိုရီဟာလည်း စကြ၀ဠာဆိုင်ရာ အဓိကမေးခွန်းကြီးကို အဖြေမပေးနိုင်သေးပါဘူး။ ဘာ့ကြောင့် စကြ၀ဠာကြီးဟာ အခုသူဖြစ်နေသလို ဖြစ်နေရတာလဲ။ တကယ်လို့ ယေဘုယျနှိုင်းရသီအိုရီ နဲ့ ကွမ်တမ်သီအိုရီနှစ်ခုကို ပေါင်းစည်းနိုင်ခဲ့မယ်ဆိုရင်တော့ စကြ၀ဠာဘယ်လိုစတင်ခဲ့တယ်ဆိုတာကို အဖြေပေးနိုင်မယ်လို့ မျှော်လင့်လို့ရပါတယ်။
ယခုကျွန်တော်တို့ကြုံတွေ့နေရတဲ့ကာလကို အထွတ်အထိပ်ကာလလို့ခေါ်နိုင်ပါတယ်။ အဆိုပါ သီအိုရီနှစ်ခု လက်ထပ်ပေါင်းစည်းနိုင်လိုက်ခြင်းဟာ အစစအရာရာတိုးတတ်သွားမှာဖြစ်ပြီး ကြယ်များနဲ့ ဂလက်ဆီများအပြင် စကြ၀ဠာအတွင်းမှာရှိတဲ့ အခြားသောအရာများအားလုံး ဖြစ်ပေါ်လာပုံကိုပါ သိရှိနိုင်တော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အများကြီးကြိုးစားရဦးမှဖြစ်ပေမယ့် စကြ၀ဠာရဲ့ မူလအစကို နားလည်သိရှိလာနိုင်ဖို့အတွက် လမ်းကြောင်းပေါ်မှာရောက်ရှိနေပြီး မကြာခင် ပန်းတိုင်ကိုရောက်တော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အာကာသယာဉ်များကို နည်းပညာမြင့်စွာထုတ်လုပ် လွှင့်တင်ပြီး သူတို့ကြားက အကွာအဝေးကိုတိုင်းတာခြင်းအားဖြင့် စကြ၀ဠာနောက်ခံမိုက်ခရိုဝေ့ဖ် များကို တိကျစွာ တိုင်းတာဖော်ထုတ်နိုင်တော့မှာဖြစ်ပါတယ်။ ဒီလိုဆိုရင် ကာလအသီးသီးမှာရှိခဲ့တဲ့ စကြ၀ဠာကြီးရဲ့ သိပ်သည်းမှုကို တိတိကျကျတိုင်းတာနိုင်တော့မှာဖြစ်နိုင်ပါတယ်။

ကြီးမားတဲ့အောင်မြင်မှုများစွာ ရရှိခဲ့ပေမယ့် အရာရာကိုတော့ မဖြေရှင်းရသေးပါဘူး။ ကျွန်တော်တို့မသိသေးတာ၊ သိပ္ပံပညာက မဖြေရှင်းနိုင်သေးတာတွေဟာ ဒုနဲ့ဒေးရှိနေပါသေးတယ်။ စကြ၀ဠာကြီးရဲ့ သိပ်သည်းခြင်းကိုပါ အတိအကျမသိသေးတဲ့အပြင် ပြန့်ကားနှုန်းရဲ့ ပြောင်းလဲမှုတွေကိုပါ မသိသေးပါဘူး။ ဒါတွေကို မသိသေးပဲနဲ့ စကြ၀ဠာကြီးရဲ့ အနာဂတ်ကိုလည်း ရေရေရာရာသိမှာမဟုတ်ပါဘူး။ စကြ၀ဠာကြီးဟာ ထာဝရ ပြန့်ကားသွားမှာလား။ ဒီဖောင်းပွမှုဟာ သဘာဝတရားကြီးရဲ့ နိယာမ တစ်ခုပဲလား။ ဒါမှမဟုတ် ပြန်ပြီးကျုံ့ဝင်သွားဦးမှာလား။ အခုဆိုရင် လေ့လာတွေ့ရှိမှုတွေ နဲ့ သီအိုရီတွေက ရရှိလာတဲ့ ရလာဒ်တွေဟာ ဟိုတစ်စဒီတစ်စ ဆက်တိုက်ထွက်ပေါ်နေပါတယ်။ သိပ္ပံပညာ နဲ့ စကြ၀ဠာကြီးကို လေ့လာရတာ အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ တော်ရုံတက်ကြွတဲ့စိတ်ဓာတ်လောက်နဲ့လဲ လေ့လာလို့မဖြစ်ပါဘူး။ စတီဖင်ဟော့ကင်းပြောသလိုပါပဲ ကျွန်တော်တို့ဟာ စကြ၀ဠာပြင်ကျယ်ကြီးထဲက သာမန်အဆင့်ရှိတဲ့ ကြယ်တစ်လုံးကို လှည့်ပတ်နေတဲ့ ဂြိုဟ်ငယ်လေးတစ်လုံးပေါ်က အဆင့်မြင့်မျောက်မျိုးနွယ်စု တစ်စုပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ဟာ စကြ၀ဠာကြီးအကြောင်းကိုလေ့လာနေပါပြီ။ ဒီအချက်ဟာ အရမ်းကို အားရဖို့ကောင်းပါတယ်။ အခုဆို သမိုင်းချီခဲ့တဲ့ ကာလအရှည်ကြာမေးခွန်းဟောင်းကြီးကို အဆုံးသတ်ဖြေဆိုနိုင်ဖို့ နီးစပ်နေပါပြီ။
ကျွန်တော်တို့ဘာ့ကြောင့် ဒီနေရာ ဒီအချိန်မှာ ရှိနေရတာလဲ။ ကျွန်တော်တို့ ဘယ်ကရောက်လာကြတာလဲ။
-သာထက်အောင် (Curiosity Science Magazine)

No comments: